ကမ္ဘာမြေငြိမ်းချမ်းစေရေး

မာဃပူဇာနေ့ ( သြဝါဒပါတိမောက်အခါတော်နေ့ )

ဆီမီးကပ်လှူပူဇော်ခြင်း

ဓမ္မကာယကျောင်းတိုက်၊ ထိုင်းနိုင်ငံ။

ဗုဒ္ဓဘာသာဝင်တို့သည် နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မာဃပူဇာနေ့ဟူ၍ ဘာသာရေးပွဲတော်များ ကျင်းပလာသည်မှာ နှစ်ပေါင်း ၂၆ဝဝကျော်ရှိခဲ့ပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓလက်ထက်တော်က ထိုနေ့သည် ထူးခြားချက်လေးခုနှင့် ပြည့်စုံသော နေ့ဖြစ်ခဲ့သည်။ ထူးခြားချက် လေးခုမှာ

၁။ တပို့တွဲလပြည့်နေ့ဖြစ်ခြင်း။

၂။ ရဟန္တာအရှင်မြတ် အပါး ၁၂၅ဝ-သည် မည်သူမျှမဖိတ်ကြားဘဲ တစ်ချိန်တည်း၌ မြတ်ဗုဒ္ဓ၏အထံတွင် လာရောက်စုဝေးကြခြင်း။

၃။ ထိုရဟန္တာအရှင်သူမြတ်အားလုံးသည် မြတ်ဗုဒ္ဓထံတွင် ရဟန်းပြုခဲ့ကြသော ဧဟိဘိက္ခု ရဟန်းတော်များဖြစ်ခြင်း။

၄။ မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ အခြေခံမူဝါဒများ၊ ကိုယ်ကျင့်သီလများ ပါဝင်သော “သြဝါဒပါတိမောက္ခ” ကို ဟောကြားတော်မူခြင်း။

ဓမ္မကာယကျောင်းတိုက်တွင် နှစ်စဉ် မာဃပူဇာနေ့၌ ဆီမီးပူဇော်ခြင်းအခမ်းအနားကို ကျင်းပပါသည်။ ထိုအခမ်းအနားသို့ နိုင်ငံအသီးသီးမှ သန်းနှင့်ချီသော ဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်သော ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းကို အလိုရှိကြသော သူများလည်း တက်ရောက်ကြသည်။ မာဃပူဇာနေ့ အခမ်းအနားကို နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ တက်ရောက်ကြပါသည်။ သန်းပေါင်းများစွာသော တကာ၊ တကာမ အားလုံးစုပေါင်း၍ ဓမ္မကာယစေတီရင်ပြင်တွင် ဆီမီးပူဇော်ခြင်း၊ တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့ ပြုလုပ်ကြပါသည်။

မာဃပူဇာနေ့တွင် ဗုဒ္ဓရုပ်ပွါးတော်ပေါင်း အဆူတစ်သန်းဖြင့် တည်ထားကိုးကွယ်ထားသည့် ဓမ္မကာယစေတီရင်ပြင်တွင် ဆီမီး ၂သန်း ပူဇော်၍ စစ်မှန်သော အလင်းရောင်၊ စစ်မှန်သော ငြိမ်းအေးခြင်းကို တရားထိုင်ခြင်းဖြင့် ရှာဖွေကြမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ ဆီမီးအလင်းရောင်တို့သည် ကမ္ဘာ့ငြိမ်းချမ်းခြင်းအလင်းရောင်ကို ကိုယ်စားပြုပါသည်။

မာဃပူဇာနေ့ (သြဝါဒပါတိမောက်အခါတော်နေ့)

ဆီမီးပူဇော်နေချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ ပါဝင်ကုသိုလ်ယူကြသူများ အားလုံးအတူတူ မျက်လုံးလေးကို ညင်သာစွာမှိတ်ပြီး စိတ်ကလေးကို ခန္ဓာကိုယ်အလယ်မှတ်တွင် တည်ငြိမ်စွာထားကာ တရားထိုင်ကြမည်။ သက်ရှိသတ္တဝါအားလုံး ဒုက္ခအပေါင်း ကင်းဝေးစေရန်၊ ပျော်ရွှင်အေးချမ်း မှုကိုရရှိရန်နှင့် ငြိမ်းအေးသော မေတ္တာတရားကို ရရှိစေရန်အတွက် တရားထိုင်၍ ရရှိလာသော စင်ကြယ်သောစွမ်းအင်နှင့် သန့်စင်မွန်မြတ်သော မေတ္တာတရားတို့ကို ပေးပို့ဖြန့်ဝေကြမည်။ 

စိတ်ကလေးကို ခန္ဓာကိုယ်အလယ်မှတ်၌ တည်ငြိမ်စွာထားရှိခြင်းဖြင့် ရရှိလာသော စိတ်စွမ်းအားကို အရပ်မျက်နှာအားလုံးသို့ ဖြန့်ဝေကြမည်။ သမာဓိတည်ကြည်နေသောကျွန်ုပ်တို့၏ စိတ်သည် တဖြည်းဖြည်း ပိုမို၍ ပိုမို၍ တောက်ပလာမည်။ ထို့နောက် အွန်လိုင်းမှ ပါဝင်လာသူတို့ ထွန်းညှိပူဇော်ထားသော ဆီမီးအလင်းရောင်တို့သည်လည်း ကမ္ဘာမြေကြီး တစ်ခုလုံး၏ ငြိမ်းချမ်းခြင်း အလင်းရောင်ကို ကိုယ်စားပြုပါသည်။

မာဃပူဇာနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်

ကမ္ဘာပေါ်ရှိ လူသားများသည် ပျော်ရွှင်ခြင်းကို ရှာဖွေနေကြပါသော်လည်း ပျော်ရွှင်ခြင်း အစစ်ကို ရှာမတွေ့ဖြစ်နေကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ-ကျော်က မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူကာ ဘုရားအဖြစ်ကို ရောက်ရှိခဲ့သည်။ ငြိမ်အေးချမ်းသာခြင်းအစစ်၊ ပျော်ရွှင်ခြင်းအစစ်ကို ရရှိခဲ့သည်။ မွေးဖွားခြင်းကင်းရာ သံသရာမှ လွတ်မြောက်ကြောင်းတရားကို ရှာဖွေတွေ့ရှိခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ရောက်ရှိပြီး ကိုးလအကြာ တပို့တွဲလပြည့်ညတွင် ဧဟိဘိက္ခုများဖြစ်ကြသော ရဟန္တာအရှင်မြတ် ၁၂၅ဝ-ပါးတို့အား ဗုဒ္ဓသာသနာပြန့်ပွါးရေးအတွက် ဗုဒ္ဓသာသနာ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ကြံ အားထုတ်ရမည့် နည်းလမ်းများ ပါဝင်သော “သြဝါဒပါတိမောက်” ကို မိန့်တော်မူခဲ့ပါသည်။

၁။ မူဝါဒများ

မြတ်ဗုဒ္ဓဟောကြားသော ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်တရားဖြစ်သော ဗုဒ္ဓမူဝါဒသည် အောက်ပါအတိုင်းဖြစ်သည်။

၁။ အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိရန် သည်ခံခြင်း (ခန္တီတရား) ရှိရမည်။ ဘဝတွင် ဆင်းရဲပင်ပန်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ခန္တီတရားထားရမည်။ သည်းခံခြင်းသည် သူတော်ကောင်းတို့၏ အကျင့်မြတ်ဖြစ်၏။

၂။ နိဗ္ဗာန်သည် အမြတ်ဆုံးသောပန်းတိုင်ဖြစ်သည်ဟု ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့ ဟောတော်မူသည်။

၃။ တစ်ပါးသူအား ထိခိုက်နာကျင်အောင် မပြုလုပ်ရ။ နှိပ်စက်ညှင်းပန်းခြင်း မပြုလုပ်ရ။ ပြုလုပ်သူသည် ရဟန်းမဟုတ်။

၂။ စည်းမျဉ်းစည်းကမ်းများ

၁။ မကောင်းမှုပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ လှည်းဘီးသည် ဝန်ဆောင်နွား၏နောက်သို့ အစဉ်လိုက်သကဲ့သို့ မကောင်းမှုပြုလုပ်သူ၏နောက်သို့ မကောင်းသောအကျိုးသည် အစဉ်လိုက်၏။

၂။ ကောင်းသောအမှုကိုသာ ပြုလုပ်ရမည်။ ကောင်းသောအမှုကို ပြုလုပ်သူသည် ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်းတည်းဟူသော အသီးအပွင့်ကို ခံစားကြရမည်ဖြစ်သည်။

၃။ တရားမှတ်ခြင်းဖြင့် စိတ်ကို ဖြူစင်အောင်ထားပါ။ တရားမှတ်ခြင်းသည် နိဗ္ဗာန် ရောက်ကြောင်း၊ စစ်မှန်သော ပျော်ရွှင်အေးချမ်းမှုကို ရရှိကြောင်း တစ်ခုတည်းသော နည်းဖြစ်သည်။

၃။ ငြိမ်းအေးခြင်းအစစ်ကို ရရှိနိုင်သည့် နည်းလမ်းများ

ကမ္ဘာ့စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ရန်၊ ယဉ်ကျေးသိမ့်မွေ့သူဖြစ်ရန် ပြုလုပ်ရမည့်နည်းလမ်းများမှာ

၁။ တစ်ပါးသူအား စွတ်စွဲပြောဆိုခြင်း၊ အသရေပျက်အောင် ပြောဆိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။

၂။ တစ်ပါးသူအား ကိုယ်ထိလက်ရောက် ညဉ်းပန်းနှိပ်စက်ခြင်းကို ရှောင်ကြဉ်ရမည်။

၃။ ငြိိမ်းချမ်းရေးကို လိုလားသူသည် သီလစင်ကြယ်အောင် စောင့်ထိန်းရမည်။

၄။ အစာအာဟာရ၌ ရောင့်ရဲတတ်ရမည်။

၅။ တရားအားထုတ်ရန် ဆိတ်ငြိမ်သောအရပ်တွင် သီတင်းသုံးမွေ့လျော်ရမည်။

၆။ တရားအားထုတ်ရာတွင် ကြိုးစားအားထုတ်ခြင်း လုံ့လရှိရမည်။

ဧဟိဘိက္ခုရဟန္တာအရှင်သူမြတ် ၁၂၅ဝ-ပါးသည် မြတ်ဗုဒ္ဓ၏ “သြဝါဒပါတိမောက္ခ”ကို နာယူပြီးနောက် မြတ်ဗုဒ္ဓ၏တရားဓမ္မများ ပြန့်ပွါးစေရန်အတွက် အရပ်မျက်နှာအသီးသီးသို့ သာသနာပြုခရီး ထွက်ခဲ့ကြသည်။ လောကလူသားတို့ ပျော်ရွှင်အေးချမ်းခြင်းကိုရရှိရန် မှန်ကန်သော နည်းလမ်းကို ဟောညွှန်ပြရန် အရပ်ဒေသအသီးသီးသို့ သာသနာပြုခရီး ကြွခဲ့ကြသည်။

“သြဝါဒပါတိမောက္ခ” တရားတော်ကို လောကလူသားတို့ လိုက်နာကျင့်ကြံလျှင် ငြိမ်းချမ်းခြင်းအစစ်၊ လူသားဆန်ခြင်း၊ ကြင်နာတတ်ခြင်း၊ စည်းလုံးခြင်း၊ ကောင်းသောအကြံအစည်၊ တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်နားလည်ခြင်း၊ ရက်ရောခြင်းတို့ဖြင့် ငြိမ်းချမ်းမှုကို ရရှိကြပါလိမ့်မည်။ လောကတွင် အေးမြသော ချစ်ခြင်းမေတ္တာသည် ငြိမ်းအေးခြင်းအစစ်ကို ပေးစွမ်းနိုင်ပါသည်။

ကမ္ဘာမြေငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းသည် မိမိကိုယ်တွင်းမှ စတင်သည်။

မာဃပူဇာနေ့သာမရှိခဲ့လျှင် (မြတ်ဗုဒ္ဓသည် သြဝါဒပါတိမောက္ခကို မဟောကြားခဲ့လျှင်) ကမ္ဘာပေါ်ရှိ လူသားတို့လည်း စစ်မှန်သောပန်းတိုင်သို့ ရောက်ရှိရန် ဘဝနေထိုင်နည်း အစစ်အမှန်တို့ကို သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် သြဝါဒပါတိမောက္ခကို လေးနက်စွာဆင်ခြင်၍ မြတ်ဗုဒ္ဓမိန့်ကြားခဲ့သော သြဝါဒစကားတို့ကို သတိရအောက်မေ့လျက် မြတ်ဗုဒ္ဓနှင့် ရဟန္တာ မထေရ်မြတ်တို့အား ရိုသေလေးစားစွာ ရှိခိုးကန်တော့ ကြခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါမှ ယနေ့အချိန်အထိ ကမ္ဘာ့အနှံ့အပြားတွင် သန်းပေါင်း များစွာသောလူတို့သည် မြတ်ဗုဒ္ဓ၏တရားဓမ္မတို့ကို လေ့ကျင့်အားထုတ်လျက်ရှိကြသည်။ ပျော်ရွှင် ခြင်းကို ရှာဖွေနေကြသည်။ လောကအမှန်တရားကို ရှာဖွေနေကြသည်။

တရားအားထုတ်ခြင်းဖြင့် စိတ်စင်ကြယ်သန့်ရှင်းလာသည့်အခါ အမှန်တရားကို နားလည်သဘောပေါက်လာမည်။ မိမိကိုယ်ကို မေတ္တာထားတတ်လာမည်။ အခြားသူများအပေါ် မေတ္တာထားတတ်လာမည်။ မေတ္တာထားခြင်းဖြင့် ကိုယ်စီကိုယ်စီ အေးချမ်းခြင်းကို ခံစားကြရမည်။ တစ်ဦးချင်းစီတိုင်း အေးချမ်းခြင်းကို ခံစားကြရပြီးလျှင် ထိုပျော်ရွှင်ခြင်းသည် တစ်ဦးချင်းစီမှ လူမှုပတ်ဝန်းကျင်တစ်ခုလုံး၊ ထိုမှတစ်ဆင့် ရပ်ကွက်များ၊ မြို့ရွာများအားလုံး ငြိမ်းချမ်းလာပါမည်။ ကျွန်ုပ်တို့ချစ်တဲ့ ကမ္ဘာမြေကြီးတစ်ခုလုံးလည်း ငြိမ်းချမ်းသွားပါလိမ့်မည်။ လူသားတိုင်း မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို လိုက်နာကျင့်ကြံမည်ဆိုလျှင် ကမ္ဘာမြေကြီးတစ်ခုလုံး လုံးဝဥဿုံ ငြိမ်းချမ်း လာမည်ဖြစ်သည်။

ကမ္ဘာမြေငြိမ်းချမ်းရေးသည်

သင့်လက်ထဲတွင်ရှိသည်။

ငြိမ်းအေးခြင်းအစစ်၊ ချမ်းသာခြင်းအစစ်ကို လောကလူသားတို့ ရှာဖွေနေ ကြသော်လည်း ရှာမတွေ့နိုင်ဖြစ်နေကြသည်။ လူသားတို့သည် ငြိမ်းအေးချမ်းသာခြင်းကို နေရာ ဌာနပေါင်းစုံ၊ စာအုပ်အမျိုးမျိုး၊ ဂီတ၊ အသင်းအဖွဲ့များမှာ ရှာဖွေနေကြသည်။ ငြိမ်းချမ်း ပျော်ရွှင်ခြင်းကိုရရှိဖို့ ပိုက်ဆံတွေအများကြီးကို အသုံးပြုခဲ့ကြသည်။

သို့သော်လည်း “တရားရှာ ကိုယ်မှာတွေ့” ဆိုသည့်အတိုင်းပင် ငြိမ်းအေးမှု အစစ်အမှန်ကို မိမိခန္ဓာကိုယ်မှာသာ ရှာဖွေရန်ဖြစ်သည်။ အခြားမည့်သည့်နေရာမှာမှ သွားရောက်ရှာဖွေရန် မလိုပေ။ ငြိမ်းအေးမှုရရှိရန် သမာဓိတည်းဟူသော သော့တစ်ချောင်းသာ လိုအပ်ပါသည်။ လွယ်ကူရိုးရှင်းပါသည်။ မျက်လုံးလေးကို ဖြေးညှင်းစွာပိတ်ပြီး စိတ်ကလေးကို တည်ငြိမ်အောင်ထားလိုက်ခြင်း ဖြစ်သည်။

ငြိမ်းအေးခြင်းသည် ကျွန်ုပ်တို့ကိုယ်မှာ ရှိနေပြီးသားဖြစ်သည်။ ကျွနု်ပ်တို့ သတိထားပြီး ကြည့်ရုံသာလိုသည်။ လူသားတိုင်း စူးစမ်းလေ့လာကြည့်လျှင် တည်ငြိမ်ခြင်း၊ ငြိမ်းအေးခြင်းကို တွေ့ပါလိမ့်မည်။ ကမ္ဘာမြေကြီး ငြိမ်းချမ်းဖို့အရေးသည် ကျွန်ုပ်တို့တစ်ဦးချင်းဆီ၏ ငြိမ်းအေးခြင်းနှင့် သက်ဆိုင်နေသည်ကို နားလည်လာပါလိမ့်မည်။ ထို့ကြောင့် ပျော်ရွှင်ငြိမ်းချမ်းခြင်းခရီးကို ယခုလက်ရှိအချိန်မှာပဲ စတင်ကြပါစို့။

ထို့ကြောင့် မာဃပူဇာနေ့ (သြဝါဒပါတိမောက်အခါတော်နေ့)တွင် တရားဓမ္မကိုကျင့်သုံး၍ ရရှိလာသော ငြိမ်းချမ်းပျော်ရွှင်ခြင်း၊ ကျွနု်ပ်တို့စိတ်နှလုံးများ၏ ချစ်ခြင်းမေတ္တာနှင့် အကောင်းဆုံး ဆန္ဒများကို အများသတ္တဝါတို့၏ စိတ်နှလုံးဆီသို့ ဖြန့်ဝေပေးကြမည်။ ဤနည်းအားဖြင့် ငြိမ်းချမ်း ပျော်ရွှင်မှုနှင့် ကမ္ဘာမြေငြိမ်းချမ်းမှုကို ရရှိပါလိိမ့်မည်။

“တစ်ယောက်ချင်းစီရဲ့စိတ်တွေ ငြိမ်းအေးမှုကို ရရှိသွားတဲ့အခါ ကမ္ဘာကြီးလည်း ငြိမ်းချမ်း သွားပါလိမ့်မယ်။ စိတ်ကလေး ငြိမ်းအေးသွားနဲ့တပြိုင်နက် ငြိမ်းအေးခြင်းရဲ့ အကြောင်းတရားတွေ၊ မငြိမ်းအေးခြင်းရဲ့ အကြောင်းတရားတွေကို မှန်မှန်ကန်ကန် သဘောပေါက်နားလည်လာမယ်။ အဲလိုမျိုး အမှန်အကန်ကို နားလည်လာတဲ့အခါမှာ ရန်ပွဲတွေ၊ ဒေါသတွေ၊ လောဘတွေကို အဆုံးသတ်နိုင်ပြီး ငြိမ်အေးခြင်းဟာ စတင်အကောင်အထည် ပေါ်လာပါလိမ့်မယ်။။ ငြိမ်းအေးခြင်းကို ကိုယ်ကိုယ်တိုင်ရရှိသည့်အခါ အတွေးတွေလည်း ငြိမ်းအေးလာမယ်။ အပြောအဆို ယဉ်ကျေး သိမ့်မွေ့လာမယ်။ ကိုယ်အမူအရာ ယဉ်ကျေးလာမယ်။ လူသားအချင်းချင်း မေတ္တာထားလာမယ်။ အပြုသဘောဆောင်တဲ့ဆက်ဆံမှုတွေ ဖြစ်ပေါ်လာမယ်။ စကြာဝဠာထဲမှာရှိတဲ့ ကြယ်တာရာအားလုံးကို နေမင်းကြီးက နွေးထွေးတဲ့အလင်းရောင်နဲ့ ထွန်းလင်းပေးသလိုမျိုးပဲ ဘုန်းကြီးတို့ရဲ့ အေးချမ်းနေတဲ့ စိတ်ကလေးကနေ ပတ်ဝန်းကျင်က လူတွေကို အေးချမ်းမှုကို ပေးစွမ်းပါလိမ့်မယ်။”

(ဆရာတော်ဓမ္မဇယော)

ဗုဒ္ဓမြတ်စွာဘုရားအား ဆီမီးပူဇော်ခြင်း

မာဃပူဇာဒေး ( သြဝါဒပါတိမောက်အခါတော်နေ့ )

 

***************

အခမ်းအနားအစီအစဥ် ( မြန်မာစံတော်ချိန် ညနေပိုင်း )

************

၅ နာရီ ၃ဝ – အခမ်းအနားသို့ ဆရာတော်ကြွလာပြီး ဘုရားရှိခိုး၊ တရားထိုင်။

၆ နာရီ – နာယကဆရာတော်များမှ ဆီမီးထွန်းညှိပူဇော်ခြင်း။ ထို့နောက် ဆီမီးကပ်ဂါထာကို ရွတ်ဆိုခြင်း။

၆ နာရီ ၁ဝ မိနစ် – ဆုတောင်းအဓိဋ္ဌာန်ပြုခြင်း။ တရားထိုင်ခြင်း။

၆ နာရီ ၅ဝ မိနစ် – ဓမ္မကာယစေတီတော်အား လက်ယာရစ် လှည့်ပတ်၍ ပါဝင်လာကြသော ဧည့်ပရိတ်သတ်များ စုပေါင်း၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း။ ဆုတောင်းမေတ္တာပို့ခြင်း။

၇ နာရီ ၄၀ မိနစ် – အခမ်းအနား ပြီးဆုံးခြင်း။